Tuesday, October 18, 2011

                         ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အောက်ခြေအဆင့်ဆင့် ရွေးချယ်
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဗဟိုမှ တိုက်ရိုက်ရွေးချယ်မည် မဟုတ်တော့ဘဲ အောင်ခြေ အဆင့်ဆင့်က ရွေးချယ် တင်မြှောက်ရတော့မည်ဟု သိရသည်။ ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ထည့်သွင်း၊ အတည်ပြုသင့်သည့် အချက်များကို ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားထားသည်။.........
အမျိုးသားလွှတ်တော်၌ မနေ့က ဆွေးနွေး ဖြည့်စွက်ကြရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြေ ၅၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့် တင်မြှောက်လိုသူ ရှိလျှင် တင်မြှောက်နိုင်ကြောင်း ၎င်းတို့ ရွေးချယ်တင်မြှောက်ထာသော အုပ်ချုပ်ရေးမှူးအား အယုံ အကြည် မရှိ၍ ဖယ်ရှားပေးရန် တင်ပြလျှင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း စာပုဒ်တချို့် ဖြည့်စွက်ခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ ကျေးရွာ၊ ရပ်ကွက် တချို့၌ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု စသည့် ဒုစရိုက်မှုများ ရှိနေတတ်သည့်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအနေဖြင့် အရေးကြုံလာပါလျှင် ရှာဖွေနိုင်ရမည်၊ ဖမ်းဝရမ်း ထုတ်နိုင်ရမည် စသည့် အခွင့်အာဏာ တချို့ကို ဥပဒေကြမ်း၌ ထည့်သွင်း ပေးထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဝါရှင်တန်အခြေစိုက် RFA အသံလွှင့်ဌာနကို ပြောဆိုခဲ့သည်။ “ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်းရေး ကိစ္စဟာ အခြေခံ အကျဆုံး ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ဒီ ဥပဒေ မတိုင်ခင်ကဆိုရင် တချို့ ပါတီတွေနဲ့ နီးစပ်သူတွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကိုပဲ ခန့်ထားခဲ့ကြတာတွေ ရှိတယ်။ အခု ဆွေးနွေးကြတဲ့ အထဲမှာ အုပ်ချုပ်ရေးမှူး တဦးရဲ့ အရည်အချင်း၊ လုပ်ပိုင်ခွင့်တွေ ပေးထားပေမယ့် အာဏာ အလွဲသုံးစား မလုပ်နိုင်အောင် ထိန်းညှိပေးထားတာတွေလည်း ပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။ အုပ်ချုပ်ရေးမှူးတို့၏ သက်တမ်းအား ကန့်သတ်ထားပြီး တာဝန်များ၊ လုပ်ပိုင်ခွင့်များ ကျော်လွန်ကာ အာဏာ အလွဲသုံးစား ပြုလုပ်ပါက ဥပဒေအရ အရေးယူနိုင်ရေးကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ ဆွေးနွေး အတည်ပြုပြီးပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ယူရဦးမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်လက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ် ခန့်အပ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထု၏ ဆန္ဒအတိုင်း မဲပေးရွေးချယ်ခန့်ထားရေး အဆိုကို တင်သွင်းခဲ့ရာ ပြည်ထဲရေး ၀န်ကြီး ဒု – ဗိုလ်ချုပ်ကြီး ကိုကိုက ပယ်ချခဲ့သည်။ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာဥပဒေကြမ်း၌ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူးများ အထဲမှ တဦးအား မဲပေးကာ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ရွေးချယ်ခန့်ထားမည်ဟု ပါရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပုဒ် (၂၈၉) ၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရွေးချယ် ခန့်အပ်ရာတွင် ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်ရမည်ဟု ပါရှိပြီး ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ရမည် ဟုလည်း ဆိုထားသည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန်က ခန့်အပ်တာဝန်ပေးထားသော အုပ်ချုပ်ရေးမှူး အများစုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များသာ ဖြစ်ကြောင်း သိရပြီး ထိုကိစ္စသည် အများပြည်သူအကြား အငြင်းပွားနေဆဲ ဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်အား ဒေသခံများ ကိုယ်တိုင် ရွေးချယ်ခွင့်၊ ပယ်ဖျက်ပိုင်ခွင့် အပြည့်အ၀ ရမှသာ ပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း၊ ဥပဒေ ပြဌာန်းပြီး ထိုဥပဒေ အတိုင်း ဆောင်ရွက်ရန်၊ လေးစားလိုက်နာရန် အရေးကြီးကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။ မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးဖြစ်ရန် မြို့နယ်အာဏာပိုင်များထံ ကျပ်သိန်း ဆယ်ဂဏန်းချီ ပေးရသော်လည်း လုပ်ဆောင်လိုသူ များပြားကြောင်း သိရသည်။ “ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တယောက်ရဲ့ ၀င်ငွေက လစဉ် သိန်းနဲ့ချီ ၀င်နေတော့ လုပ်ချင်သူတွေများတယ်။ လက်ရှိမှာတော့ အာဏာ အလွဲသုံးစား မလုပ်တဲ့ အုပ်ချုပ်ရေးမှူး မရှိသလောက်ပါပဲ” ဟု နိုင်ငွေသိန်းက ဆိုသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မြို့နယ် အဆင့် အာဏာပိုင်များနှင့် ပူးပေါင်းကာ လယ်ယာမြေ အဓမ္မ သိမ်းယူခြင်း၊ အခွန်အခများ မတရား ကောက်ခံခြင်း တို့အပြင် လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများကို အခကြေးငွေယူကာ ၎င်းတို့နှင့်နီးစပ်သူ များအား လုပ်ပိုင်ခွင့်ပေးထားကြောင်း ဒေသခံ တချို့ကတိုင်ကြား သော်လည်း အရေးယူမှု မရှိဟု ထားဝယ် ဒေသခံတဦးက ပြောသည်။ “ပြည့်တန်ဆာ လုပ်ငန်းက အရင်တုန်းက ကော့သောင်းမြို့ပေါ်မှာ များတာ။ အခုဆို ထားဝယ်မှာလည်း ကျယ်ပြန့်လာနေပြီ။ အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတော့ တိုင်ပေမယ့်လည်း အရေးယူမယ့်လူမရှိဘူး” ဟု ၎င်းက ဧရာဝတီကို ပြောသည်။ ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုမှာလည်း အာဏာအလွဲသုံးစား လုပ်ကာ အခွန်ကောက် ခံခြင်း၊ အစိုးရ၏ ချေးငွေများကို ခေါင်းပုံဖြတ်တောက် ခြင်းများ လုပ်ဆောင်နေကြဆဲ ဖြစ်ကြောင်း ရခိုင်ဒေသခံများ ထံမှ သိရသည်။

No comments:

Post a Comment