Thursday, October 6, 2011

 

ထားဝယ် ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး နေရာအတွက် ခြိမ်းခြောက်ခဲ့ဟုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး တည်ဆောက်ရန် မြေနေရာအတွက် ဒေသခံ
များ၏ စိုက်ပျိုးခြံ ဧက ၁၂ဝ ကျော်ကို ဆိပ်ကမ်း အာဏာပိုင်များက သိမ်းယူရာတွင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ခြံရှင်များက ပြောသည်။........................


ထိုင်းနိုင်ငံရှိ အီတာလျံ၊ ထိုင်းကုမ္ပဏီက အကောင်အထည်ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း၏ တစိတ်တဒေသ
ဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းဒပ် ရွာခံများ၏ စိုက်ပျိုးခြံ ဧက ၁၂၃.၅ဝ ဧကကို သိမ်းယူရန်အတွက် ရွာသားများကို သဘောတူကြောင်း လတ်မှတ်ရေးထိုးခိုင်းမှုတွင် “သဘောမတူလျှင် အခကြေးငွေလွတ်ဖြင့် သိမ်းမည်” ဟု ဆိပ်ကမ်း တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်ဟု ဆိုသည်။

“စာရွက်ပေါ်မှာက မြေပိုင်ရှင်ရှင်၏ ဆန္ဒဖြင့် ရောင်းဝယ်ခြင်းဖြစ်ကြောင်းဆိုပြီး အဲဒီမှာလတ်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတဲ့ လူတွေကြတော့ ဦးခင်မောင်ဆွေက ခင်ဗျားတို့ ထိုးချင်ထိုး မထိုးလဲ သိမ်းရမှာပဲလို့ပြောတော့ အခမဲ့တော့ အပါမခံနိုင်ဘူးဆိုပြီး မထိုးချင်ပဲထိုးလိုက်ရတယ်” ဟု လက်မှတ်ထိုးပေးခဲ့ရသူ တဦးက မဇ္ဈိမကို
ပြောသည်။

စက်တင်ဘာ လပိုင်းတည်းကပင် မကြာခန မြေပိုင်ရှင်များ၏ အမည်များ မြေကွက်များကို မင်းဒပ် ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်မှတဆင့် စာရင်းလာရောက်ကောက်ယူပြီး၊ အခကြေးငွေဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း
ပြောဆိုကာ အောက်တိုဘာ ၃ ရက် နေ့က ဦးခင်မောင်ဆွေ အပါအဝင် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေတိုင်း
စာရေးများနှင့် လာရောက် စာရင်းကောက်ယူ သွားခြင်းဖြစ်သည်။

ရာဘာနှင့် သီဟိုပင်များကို စီးပွားဖြစ် စိုက်ပျိုးထားသော အဆိုပါခြံများသည် ရေဖြူမြို့နှင့် လေးဖာလုံကွာဝေးသည့် မင်းဒပ်ရွာ၏ အရှေ့ဘက်တွင်ရှိသည်။ အသိမ်းခံရသည့် အထဲတွင် ရာဘာခြံအများစုဖြစ်ကာ တဧကလျှင် ရာဘာပင် ၂၂ဝ ရှိကြောင်းသိရပြီး တနှစ်လျှင် တပင်၏ ပျမ်းမျှ ထွက်နှုန်းမှာ ကျပ်ငွေ ၁၄,၄ဝဝ ဖြစ်ကြောင်း ခြံပိုင်ရှင်များက
ပြောသည်။

ခြံမြေများအား တဧကလျင် ကျပ်ငွေ ၂၅ သိန်းနှုန်းဖြင့် သတ်မှတ်ကာ လက်မှတ် ထိုးခိုင်းခဲ့ခြင်းကို ခြံပိုင်ရှင်များက
ကျေနပ်မှု မရှိကြသော်လည်း အခမဲ့သိမ်းခံရမည်ကို စိုးရိမ်ကြသဖြင့် လိုက်လျောခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာပိုင်များက သတ်မှတ်သိမ်းယူသည့် ဈေးနှုန်းမှာလည်း ကာလတန်ကြေးထက် သိန်းပေါင်းရာချီ ကွာဟနေ
သည်ဟု ခြံသိမ်းခံရသူတို့က ပြောသည်။

“ကိုယ့်လက်ငုတ်လက်ရင်း လုပ်စားနေတဲ့ခြံတွေ မတန်တဆ ဈေးတွေနဲ့ ဆုံးရှုံးမှာတော့ ကြောက်တာပေါ့။ ဒါပေမယ့် အလကား ပါသွားမယ့် အတူတူတော့ ရသလောက်နဲ့ပဲ လက်မှတ်ထိုးပေး လိုက်တာပေါ့။ စာထဲမှာတော့ ဘယ်ဌာန၊ ဘယ်သူ့အမိန့် ဆိုတာတော့ မပါဘူး” ဟု ရွာခံတဦးကပြောသည်။

မြန်မာအစိုးရနှင့် အီတာလျံထိုင်း ကုမ္ပဏီ တို့က ၂ဝ၁၂ ခုနှစ်တွင်စတင်ကာ သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားသော ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းနယ်မြေတွင် ကျေးရွာပေါင်း ၂ဝ ကျော်တည်ရှိပြီး အဆိုပါ
ကျေးရွာများမှာလည်း ရွှေ့ပြောင်းခံရမည်ကို စိုးရိမ်မှုများရှိနေကြသည်။

တောင်သူလယ်သမားများ လယ်ယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ကျင်းပနေလျက်ရှိသော လွတ်တော်တွင်
စက်တင်ဘာ ၁၉ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းဥပဒေထဲတွင် လယ်ယာမြေများကို အစိုးရက
လိုအပ်၍ သိမ်းမည်ဆိုပါက အောက်ခြေအဆင့်ဆင့်က မြေယာတိုင်းထွာတင်ပြကာ နိုင်ငံတော်သမ္မတက တာဝန်ပေးလျှင် သိမ်းပိုင်ခွင့်ရှိကြောင်း ဖေါ်ပြထားသည်။

No comments:

Post a Comment